North Sentinel Island

October 5, 2019

တစ်ခါတစ်လေ လုပ်စရာလပ်နေတဲ့ အချိန်တွေမှာဆို YouTube ကြည့်ရင်ကြည့်၊ မကြည့်ရင် Google Earth မှာ နေရာစုံ လျှောက်ကြည့်ဖြစ်တာများတယ်။ ဂိမ်းဆော့တတ်သူ မဟုတ်တော့ ပျင်းရင် ဇာတ်ကားကြည့်ရုံအပြင် လုပ်စရာ ထွေထွေထူးထူး မရှိဘူး။ သူများတွေလို စီးရီး တွေလည်း မကြည့်တတ်တော့၊ 13 Reasons Why ကလွဲရင် ဘာမှ မကြည့်ဖြစ်၊ GoT တို့ Stranger Things တို့ ဆိုတာလည်း တစ်ပိုင်းအပြင် မကြည့်နိုင်ဘူး၊ ပျင်းဖို့ကောင်းလွန်းတယ်လို့ ခံစားရလို့ ဆက်မကြည့်ဖြစ်ဘူး။ တကယ်တော့ ဇာတ်ကားလည်း ပုံမှန်မကြည့်ဖြစ်တာကြာပြီ။ အဲ့တော့ Google Earth ကိုပဲ ကြည့်ဖြစ်ရင်းနဲ့ တော်တော်တောင် ကမ္ဘာနှံ့နေပြီ။ Street View ကလည်း နောက်ပိုင်း တော်တော်နှံ့လာပြီဆိုတော့ နေရာစုံပတ်ကြည့်ပြီး သွားချင်တဲ့ နေရာလေးတွေ ရေးမှတ်ထားဖြစ်တယ်။ Inaccessible Island, Nightingale Island စသဖြင့်ပေါ့။ အဲ့ဒီမှာ ရေးမှတ်မထားပေမဲ့ စိတ်ဝင်စားမိတဲ့ တစ်နေရာရှိတယ်၊ North Sentinel Island ဆိုတာ။

အဲ့ကျွန်းကို Google Earth စကြည့်စကတည်းက မြန်မာနိုင်ငံပတ်ဝန်းကျင်တွေပတ်ကြည့်ရင်း သတိထားမိတယ်။ သူ့ကိုစသတိထားမိတာက ကျွန်းစပ်မှာတစ်ဝက်မြုပ်နေတဲ့ သင်္ဘောကြောင့်ပါ။ တကယ်က သင်္ဘောပျက်တစ်စီးကို Goole Earth မှာတွေ့ဖို့ဆိုတာ မခက်ဘူးရယ်၊ နေရာတော်တော်များများမှာ သင်္ဘောပျက်၊ လေယာဉ်ပျက်တွေကို တွေ့နိုင်တယ်။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ စိတ်ဝင်စားလို့ ဝီကီပီးဒီးယားမှာ North Sentinel Island ဆိုပြီးရှာဖတ်ကြည့်မိတယ်။ အဲ့တော့မှသိတာ ဒီ North Sentinel lsland ဆိုတာ နယ်နယ်ရရ ကျွန်းမှမဟုတ်ဘဲ၊ သမိုင်းအစဉ်အလာရှိ နာမည်ကြီးကျွန်း။ ကိုယ်ဘာကြောင့်မသိခဲ့လဲဆိုတာ စဉ်းစားလို့မရဘူး။ သူ့သမိုင်းက ဖတ်လေလေ စိတ်ဝင်စားဖို့ကောင်းလေလေဘဲ (၈ တန်းတုန်းကကျက်ခဲ့ရတဲ့ သမိုင်းနဲ့များ ကွာချက်)။ သူ့သမိုင်းက ဟိုးရှေးကတည်းကစတာ ၂၀၁၈ လောက်အထိနံမည်တွင်ဆဲပဲ၊ အကောင်းတွေရော အဆိုးတွေရော။

North Sentinel Island နဲ့ South Sentinel Island တို့ဆိုတာက ဘင်္ဂလားပင်လယ်အော်မှာရှိပြီး အက်ဒမန်ကျွန်းစုထဲမှာ ပါတယ်။ မြန်မာနိုင်ငံနဲ့ ပိုနီးပေမယ့် အိန္ဒိယအစိုးရ ရေပိုင်နက်ထဲမှာကျရောက်တယ်။ Sentinelese လို့ခေါ်တဲ့ လူရိုင်းမျိုးနွယ်စုတွေ နေထိုင်ကြတယ်။ အဲ့ဒီ sentinelese တွေက အာဖရိကကနေ ပထမဆုံးခွာလာပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀၀ လောက်က အက်ဒမန်ကျွန်းဆီ ရောက်လာတာဖြစ်မယ်လို့ ခန့်မှန်းရတယ်လို့ဆိုတယ်။ အဲ့ကတည်းက တခြားလူသားတွေနဲ့ အဆက်အသွယ်မလုပ်ဘဲ နေလာတာ အခုထိ ကမ္ဘာ့သီးခြားအဖြစ်ဆုံး မျိုးနွယ်စုအဖြစ် သတ်မှတ်ခံရသည်အထိပဲ။ ၁၈၆၇ မတိုင်မီအထိ North Sentinel Island ဟာ မှတ်တမ်းအထောက်အထားမဲ့ ပျောက်နေခဲ့တယ်ပြီး ဘယ်သူမှရှာမတွေ့၊ သတိမထားမိခဲ့ကြဘူးလို့ ဆိုတယ်။ ၁၇၇၁ မှာ ဗြိတိသျှနယ်မြေသစ်စူးစမ်းလေ့လာသူ ဂျွန်ရစ်ချီက အက်ဒမန်ကျွန်းဘက်မှာ အလင်းရောင်တစ်ချို့ တွေ့ခဲ့တယ်လို့ဆိုပေမယ့် သေသေချာချာ စူးစမ်းခဲ့ခြင်းမရှိခဲ့ဘူး။ ၁၈၆၇ မှာ NINEVAH ဆိုတဲ့ အိန္ဒိယကုန်သင်္ဘောတစ်စီးက တိမ်းမှောက်ပြီး North Sentinel Island ကို ရောက်သွားခဲ့တယ်။ သင်္ဘောပေါ်ပါ လူ ၁၀၀ ကျော်လောက်ဟာ လူရိုင်းတွေရဲ့ တိုက်ခိုက်မှုကိုခံရပြီး အစိုးရကကယ်ဆယ်ခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက ကျွန်းအကြောင်းကိုသိပြီး ခပ်ကင်းကင်းနေတာ အကောင်းဆုံးဖြစ်မယ်လို့ယူဆပြီး ကျွန်းကိုလက်ရှောင်နေခဲ့တယ်။ ၁၈၈၀ မှာ ဗြိတိသျှရေတပ်မှူး Maurice Vidal Portman ဆိုသူက ကျွန်းသား လူရိုင်းတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ကြိုးစားခဲ့တယ်။ လူရိုင်း ၆ ယောက်ကိုဖမ်းခေါ်နိုင်ခဲ့ပြီး လူနေမြို့ပြဖြစ်တဲ့ Port Blair ကို ခေါ်ဆောင်ခဲ့တယ်။ မိတ်ဆွေဖွဲ့ဖို့ ရည်ရွယ်ချက်ကောင်းနဲ့ ခေါ်လာခဲ့တာဖြစ်ပေမယ့် လူသားတွေနဲ့အဆက်အသွယ်မဲ့ သီးသန့်နေလာခဲ့တာ ဖြစ်တော့ လူနေရပ်ဝန်းကိုရောက်စမကြာခင်မှာဘဲ နေမကောင်းဖြစ်ခဲ့ကြပြီး အကြီးပိုင်းနှစ်ယောက်က သေသွားခဲ့တယ်။ ကျန်တဲ့ လေးယောက်ကိုလည်း လက်ဆောင်ပစ္စည်းတွေနဲ့အတူ ကျွန်းကိုအမြန်ပြန်ပို့ပေးခဲ့တယ်။ မစ္စတာ Portman ဟာ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စနဲ့၊ သေဆုံးသွားတဲ့ နှစ်ယောက်အတွက်ရှင်းပြလိုတဲ့သဘောအတွက် လက်ဆောင်ပစ္စည်းတွေထည့်ပေးခဲ့တာဖြစ်ပေမယ့် လူရိုင်းတွေဟာနားလည်သွားခဲ့ပုံမပေါ်ပါဘူး။ မစ္စတာ Portman ကိုယ်တိုင်လည်း အဲ့ဒီကိစ္စကို အရေးမထားခဲ့ကြောင်း ဆိုပါတယ်။ လူရိုင်းတွေနဲ့ ပြင်ပ ဆက်သွယ်ရေးကတော့ ပိုမိုဆိုးရွားသွားခဲ့ပါတယ်။

၁၈၉၆ မှာ Port Blair ထောင်မှ အကျဉ်းသားတစ်ဦးဟာ ထောင်ဖောက်ပြေးပြီး၊ ဝါးဖောင်တစ်ခုနဲ့ North Sentinel Island ဆီထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ကျွန်းသားတွေရဲ့သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အလားတူထွက်ပြေးတဲ့ အခြားအကျဉ်းသားတွေဟာလည်း သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာ အိန္ဒိယအစိုးရက ကျွန်းသားတွေနဲ့တွေ့ဆုံမိတ်ဆွေဖွဲ့ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

Google Earth မှာအခုမြင်နေရတဲ့ ကမ်းစပ်က သင်္ဘောပျက်ဟာ Primrose လို့ခေါ်တဲ့ ကုန်သင်္ဘောဖြစ်ပါတယ်။ Primrose ဟာ ၁၉၈၁ သြဂုတ်လမှာ ကျွန်းစပ်ကျောက်တန်းမှာ သောင်တင်မိခဲ့ပါတယ်။ အကူအညီခေါ်ဆောင်ခဲ့ပြီး ရောက်မလာခင်အထိ သင်္ဘောသားတွေနဲ့ ကပ္ပတိန်ဟာ ကျွန်းပေါ်မတက်ဘဲ သင်္ဘောပေါ်မှာသာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ စောင့်ဆိုင်းနေစဉ်ကာလအတွင်းမှာ ရန်လိုတဲ့ကျွန်သားတွေရဲ့ မြား၊ လှံ၊ လက်နက်တွေနဲ့ ကမ်းစပ်မှခြောက်လှန့်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ သင်္ဘောနဲ့ ကျွန်းဟာ အတန်ငယ်လှမ်းတဲ့အတွက် စိတ်မပူခဲ့ကြပါဘူး။ မကြာခင်မှာ ကျွန်းသားတွေက ဝါးဖောင်တွေ၊ လှေတွေဆောက်နေတာကို မြင်ရတဲ့အခါမှာတော့ သင်္ဘောသားတွေဟာအလွန်စိုးရိမ်သွားခဲ့ကြပါတယ်။ အရေးပေါ်အချက်ပြမီးတွေ ထုတ်ကာ၊ အစွမ်းကုန်ဆက်သွယ်ဖို့ကြိုးပမ်းခဲ့ကြပေမဲ့ အလွန်ဆိုးရွားစွာတိုက်ခတ်နေတဲ့ မုန်တိုင်းကြောင့် တစ်ပတ်ကြာသည်အထိ အခြားသင်္ဘောတွေက သတိမပြုမိခဲ့ကြပါဘူး။ တစ်ပတ်ကြာမှ ဟယ်လီကော်ပတာနဲ့ ကယ်ဆယ်ခဲ့ရပြီး လက်မတင်လေး လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၆ ဇန်နဝါရီမှာ လှေတစ်စင်းပေါ်မှာအိပ်ပျော် (အရက်မူးတယ်လို့လည်းဆိုတယ်) ပြီး မျှောသွားတဲ့ ငါးဖမ်းသမားနှစ်ဦးဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာ အိန္ဒိယအစိုးရက ကျွန်းပတ်ပတ်လည်ရေဇုန်သုံးမိုင်ကို ဖြတ်သန်းမသွားရနယ်မြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၈ နိုဝင်ဘာမှ အမေရိကန် ခရစ်ယာန်သာသနာပြုတစ်ဦးဟာ တရားမဝင်သာသနာပြုသွားရင်းသတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ အိန္ဒိယအစိုးရက ကျွန်းကိုသွားရောက်ပတ်သက်ခြင်းမပြုဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ကျွန်းရဲ့သမိုင်းဟာဒီမှာ တစ်ခန်းရပ်ပါတယ်။

North Sentinel Island ဟာ bucket list ထဲသွားချင်တဲ့နေရာထဲမှာတော့ မပါပါဘူး။ မသွားရဲတာကလွဲရင် သွားတော့သွားချင်ပါသေးတယ်။ တခြားမှတ်ထားတဲ့နေရာတွေလည်း ရှိပါသေးတယ်။ နောက်တစ်ခါတော့ တကယ်သွားချင်တဲ့နေရာလေး ရေးဖြစ်မယ်ထင်ပါတယ်။